Thursday, August 30, 2012

သူတို့ပြောပြောနေတဲ့ ကျနော်တို့ရဲ့ နာမည် (၅)ခုပါ မေမေ

                                                          (စစ်သား)
မေမေရေ...
ကျနော် ကျောင်းဆင်းခါစက ကရင်ပြည်နယ်ဘက်မှာ ရှေ့တန်းထွက်ခဲ့ရတယ်...။ တကယ့်ကို တောနက်ကြီးထဲမှာ ပေါ့ ကျနော်တို့တတွေ ၂ပတ်လောက်ရိက္ခာကို တလလောက်ဆန့်ပြီးစားရတယ်...။ဒီလောက် တောင်တွေဝန်းရံနေတဲ့ ပူပြင်းတဲ့နွေရာသီမှာ မျက်နှာ သစ်ရေချိုးဖို့ဆိုတာဝေးစွ..၊ ကော်ဖီရောင် ရွံရေတွေကို အနည်ထိုင်အောင် စောင့်သောက်ရတယ်လေ....။ငှက်ပျောအူကို ဟင်းလုပ်ပြီး ရန်သူတွေကို တိုက်ထုတ်ခဲ့ရတာပါ...။အဲဒီနားကရွာတွေကလဲ ရွားသားအယောင်ဆောင် သူပုန်တွေပဲမို့ ကျနော်တို့သတင်းတွေကို အမြဲနားစွင့်ပြီး ဆွဲမိုင်းဆွဲခြင်း ၊ချုံခိုတိုက်ခိုက်ခြင်းတွေ လုပ်နေကြတော့ ကျနော်တို့ရဲဘော်တွေ လည်း တော်တော်ကျဆုံးကုန်ခဲ့ပြီ ...ကျနော်တို့အတွက်တော့ နိုင်ငံတော် အလံခြုံပြီး သဂြိုလ်လိုက်ရုံမှ လွဲ၍ ဘာမှမတတ်နိုင်ခဲ့ပါဘူး..။သူတို့ဘက်က တယောက်နှစ်ယောက်ထိပြီဆိုရင် လေဒီယိုတွေထဲမှာ ပါလာပြီ ...။ ခမရ () က ဗိုလ်() ဦးစီးက ရွာသားဘယ်နှစ်ယောက်ကို ဘယ်လိုသတ်လိုက်တာ ဆိုပြီး မဟုတ်သတင်းလွှင့်ကြတယ်လေ....ပြီးတော့ ကျနော်တို့ကို လူသတ်ကောင်တွေဆိုပြီး အမည်တပ်တယ်
ပြောပါစေမေမေ ကျနော်တို့က သူတို့အမြင်တော့ လူသတ်ကောင်ပေါ့....။

မေမေရေ...
ဘယ်သူမဆို ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာ သစ္စာရှိရှိ မှန်မှန်ကန်ကန်လုပ်ခဲ့လို့ ရာထူးတက်ရင် ပျော်ကြတာပဲမဟုတ်လား ...။ ဘယ်သူမှ ကိုယ်ရာထူးတက်လို့ မပျော်တဲ့သူဆိုတာ မရှိပါဘူး... ကျနော်တို့လို သေမင်းနဲ့ စစ်ခင်းနေသူတွေအတွက် သေကံမရောက် အသက်မပျောက်လို့ တဆင့်မြင့် တာဝန်ထမ်းဆောင်ခွင့်ရတာ ပိုတောင်မပျော်သင့်ဘူးလား ..။ရာထူးကို စုံမက်လို့မဟုတ်ဖူးမေမေ...ကိုယ့်လုပ်ခဲ့အလုပ်အတွက် အသိအမှတ်ပြုခြင်းခံရတာကို ကျနော် တို့ပျော်ရွှင်မိပါတယ် .....ဒါပေမယ့် မလိုသူတွေကကျနော်တို့ကိုပြောကြတယ် ..." အာဏာရူးတွေ"တဲ့....။ ရှိပါစေတော့ မေမေ ကျနော်တို့က သူတို့ပြောနေတဲ့ အာဏာရူး တကောင်ပေါ့....။

မေမေရေ...
ကျနော် ဗိုလ်လောင်းဘ၀က ကြိုးစားခဲ့လို့ "မဟာဘွဲ့လွန်တက်ရန် အရည်အချင်းမှီ သည် "ဆိုတဲ့ စာလေးတကြောင်းပါခဲ့တယ်...ဒါ့ကြောင့် ကျနော် အခု ရုရှားနိုင်ငံမှာ ဘွဲ့လွန်တက်နေတယ် မေမေ...။ဒါပေမယ့် "မဟာဘွဲ့လွန်တက်ရန် အရည်အချင်းမှီ သည်" ဆိုတဲ့ စာလေးပါတဲ့ သူတိုင်း ရုရှားနိုင်ငံမှာ ပညာသင်ကြားခွင့်မရကြပါဘူး ကျနော် တို့တွေ မြန်မာနိုင်ငံမှာ ၀င်ခွင့်စာမေးပွဲတွေ ဖြေရတယ်...စိတ်ဓါတ်စည်းကမ်းကောင်းတဲ့ သူတွေကိုရွေးတယ်...နောက်ပြီး ရုရှား အခြေခံဘာသာစကားကို အောင်မြင်တဲ့ သူတွေသာလျှင် ရုရှားနိုင်ငံမှာ ပညာသင်ကြားခွင့်ရှိခဲ့တယ် ...။ကျနော်တို့ ဒီမှာ အချိန်မဖြုန်းပါဘူး မြန်မာနိုင်ငံအတွက် သာရေးနာရေးတွေမှာ တတ်နိုင်သလောက် ကူညီကြတယ် ....ကိုယ်သိထားတဲ့ နည်းပညာအချီု့ကို ဆိုဒ်လေးတွေထောင်ပြီး မြန်မာနိုင်ငံက သူတွေကို တတ်နိုင်သလောက်ကူညီကြတယ်...နောက်ပီး ကျနော် တို့ သင်ကြားခဲ့တဲ့ပညာမှန်သမျှ ကျနော် တို့ ကိုယ်ကျိုးအတွက် သုံးပိုင်ခွင့်မရှိပါဘူး..တိုင်းပြည်အတွက်ပါ ...ကျနော်တို့ဒီမှာ တလကို $275 ရတယ် ...ဒီနိုင်ငံရဲ့ အောက်ခြေလူတန်းစား လစာက တလကို $ 1000(တထောင်) ကျော်တယ် ...ကျနော်တို့ ချိုးခြံ ချွေတာ စွာနဲ့ လောက်ငှအောင် သုံးနိုင်ပါတယ် ကျနော်တို့တွေက စစ်သားတွေပဲ မဟုတ်လား...ဒါပေမယ့် တချို့သူတွေက ပြောကြတယ်..။ ဘာတွေကို ဘယ်လိုကြည့်ပြီး ပြောကြလဲ တော့ ကျနော် မသိဘူးမေမေ ..ကျနော်တို့ကို နိုင်ငံဘဏ္ဍာဖြုန်းတဲ့ကောင်တွေ ၊ ပြည်သူပိုက်ဆံ ထိုင်ဖြုန်းတဲ့ ကောင်တွေ တဲ့...။ပြောကြပါစေ မေမေ ကျနော်တို့က သူတို့တွေ စွပ်စွဲနေတဲ့ နိုင်ငံဘဏ္ဍာဖြုန်းတဲ့ကောင်တွေ ပေါ့...။

မေမေရေ...
တခါတလေ ကျနော်ကွန်ပျူတာကိုတောင် မဖွင့်ချင်တော့ဘူး...ကွန်ပျူတာကိုဖွင့်လိုက်တာနဲ့ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းရေးထားတဲ့ မကောင်းသတင်းတွေကိုပဲ နေ့တိုင်းတွေ့နေရတယ်...အမြင်မတူတာကို ကျနော် လက်ခံပေမယ့် တဖက်သားကို အပုတ်ချ မကောင်းသတင်းပြောနေတာကို ကျနော်တို့ နားလည်တတ်အောင် မနည်းကြိုးစားနေရတယ်...။ ကျနော်တို့ရဲ့ မဟုတ်မမှန် သတင်းတွေကို လွှင့် ပြီး ဘာမှ မသိနားမလည်သေးတဲ့လူငယ်တွေကို ကျနော်တို့ကိုအမုန်းကြီးအောင် ၀ါဒဖြန့်နေကြတယ်..ကျနော်တို့တတွေအမှန်ကို ပြန်လည်ဖြေရှင်းပြတော့လည်း အရမ်းဟောင်လွန်းတဲ့ စစ်ခွေးဆိုပြီး အပြောခံရတယ်မေမေ..။
ပြောပါစေ မေမေ ကျနော်တို့က သူတို့ ခိုင်းနှိုင်းတဲ့ စစ်ခွေးတကောင်ပေါ့...။

မေမေရေ...
ကျနော်စီနီယာ ဂါဒီယံ (Guardiam) တယောက်ပြောပြတယ်မေမေ...။ သူရှေ့တန်းထွက်နေတဲ့အချိန်မှာ သူဖေဖေဆုံးသွားတယ်ဆိုတဲ့ ကြေးနန်းဝင်လာတယ်တဲ့ ..။သူအရမ်းပြန်ချင်ပေမယ့်လည်း စစ်မြေပြင်မှာ ရောက်နေတဲ့ အတွက် သူမပြန်နိုင်ခဲ့ပါဘူး...သူရှေ့တန်းက ပြန်ရောက်ရောက်ခြင်းမှာ သူ့အမေ ကျန်းမာရေးမကောင်းလို့ အသည်းအသန် ဖြစ်တယ်ဆိုတဲ့ သတင်းထပ်မံကြားရတော့ သူတပ်ကိုခွင့်တင်ပြီး အိမ်ကိုပြန်ခဲ့တယ်မေမေ ....။လမ်းခရီးဝေးတာက တကြောင်း ခွင့်ရက်က ချက်ချင်းပြန်ကျ မလာတာကတကြောင်းကြောင့် သူပြန်ရောက်တဲ့ အချိန်မှာ သူ့ အမေ အသက်ကိုသူမမှီတော့ဘူး ...အဲဒီအချိန်မှာ သူ့ဆွေမျီုးတွေ သူ့ရက်ကွက်က လူတွေက သူ့ကို မိဘနှစ်ပါးလုံး သေတာတောင် ပြန်မလာနိုင်တဲ့ကောင် မင်းကိုအခုလိုမျိုးပညာတတ်ဖြစ်အောင် ကျောင်းထားပေးတဲ့ မိဘတွေ ကျေးဇူးမှ မထောက်တဲ့ကောင် ၊ ကျေဇူးကန်းတဲ့ ကောင် ဆိုပြီး ၀ိုင်းပြောကြတယ်တဲ့ မေမေ...။
ပြောကြပါစေ မေမေ....ကျနော်တို့တွေက သူတို့အထင် ကျေးဇူးကန်းတဲ့ ကောင်တွေ ပေါ့....။

ရှိပါစေတော့ မေမေ...
သူတို့ပြောနေတဲ့ ကျနော်တို့က
လူသတ်ကောင်တွေပါ....
အာဏာရူး တွေပါ...
နိုင်ငံဘဏ္ဍာဖြုန်းတဲ့ကောင်တွေပါ...
စစ်ခွေးတွေပါ
ကျေးဇူးကန်းတဲ့ ကောင်တွေပါ...

နောက်ထပ်...နောက်ထပ်သော ကျနော်တို့မသိနိုင်တဲ့ အမည်တွေ တပ်ပါစေ မေမေ... ကျနော်တို့ စိတ်ဓါတ်တွေ ဒီလောက်နဲ့ မယိမ်းယိုင်နိုင်ပါဘူး...တနေ့နေ့တချိန်ချိန် မှာ ကျနော်တို့ရဲ့ နေရာ ကျနော်တို့ ရင်တွင်းခံစားချက်တွေကို တနာရီလောက် ၀င်ခံစားမိရင် အခုလိုပြောနေတဲ့ ပါးစပ်ပေါက်တွေ အလိုလို ပိတ်သွားပါလိမ့်မယ်...။
သာမည ဆိုတာလည်း အညာတရ ကစပြီး သာမညဆိုတာဖြစ်လာတာပါ...
တော်ဝင် သဇင်ပန်းဆိုတာကလည်း တောကြိုတောင်းကြားကနေမှ အဖိုးတန်တော်ဝင်ဆိုတာဖြစ်လာတာပါ...
ဒီလိုပါပဲ တိုင်းပြည်အတွက် အသက်အပ်နှင်းထားတဲ့ ကျနော်တို့တွေ အတွက် ဘာမဟုတ်တဲ့ဖြတ်မျဉ်းလေးတွေကို ကျနော် ကြိုးစားကျော်လွှားရင်း
အခုဆို ကျနော်မှာ နာမည် (၅) ခုရနေပြီ မေမေ....။




                                                                     fb ငဖြိုး မှကူးယူဖေါ်ပြသည်