Monday, November 5, 2012

လက်နှင့် ကျန်းမာရေးဆက်နွယ်ပုံ




တော်ရုံ နဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါ သလား ?

အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမို မြန်ဆန်တယ်လို့ အိပ်မပျော်တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခု အရလည်း တစ်နေ့ကို နှစ်ကြိမ် နှုန်းနဲ့ ၁ဝ ရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေ အားလုံး ဖြေရှင်း သွားနိုင်တယ်လို့ သိရပါတယ်။
မိမိဘာသာ လုပ်ကြည့်ပါ
သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံမှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ် ပေးထားတဲ့ ဦးနှောက် အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။


စိတ်ဖိစီးမှု များလို့ ခေါင်းကိုက် နေပါ သလား?

လက်မနဲ့ လက်ညှိုးကြားက အသားဆိုင် နေရာကို ဖိအားပေးပါ။ ဒီလို ဖိအား ပေးတာကြောင့် စိတ်ပျော်ရွှင်ပြီး ခံစားမှု ကောင်းစေကာ တက်ကြွမှု ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီလို ဖိနှိပ်တာကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ ၁ဝ အောင်စ စာ ကော်ဖီ တစ်ခွက် သောက်တာနဲ့ ညီမျှတဲ့ စွမ်းအင် အမြန် ရရှိစေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။

မိမိဘာသာ လုပ်ကြည့်ပါ
လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကို ယူပြီး တခြား လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကြား V  ပုံသဏ္ဌာန် နေရာကို ဖိနှိပ် ပေးပါ။ ငါးမိနစ်ခန့် ဖိညှစ် ထားတာကြောင့် ခေါင်းကိုက်တာနဲ့ ပင်ပန်းတာတွေ သက်သာ သွားနိုင် ပါတယ်။ သင် ကိုယ်ဝန် ဆောင်ထား ရရင်တော့ ဒီလို ဖိနှိပ်မှုမျိုး မလုပ်မိ ပါစေနဲ့။ ဗိုက်နာ(contraction) လာနိုင်လို့ပါ။


ဓမ္မတာ လာလို့ ကိုက်ခဲ နေပါ သလား?

အပ်စိုက် ကုထုံးကြောင့် စိတ်တိုတာ၊ စိတ်ခံစားမှု မကောင်းတာနဲ့ ဗိုက်အောင့်တာ လိုမျိုး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဓမ္မတာ အကြို ဝေဒနာတွေကို ၄၇ ရာခိုင်နှုန်းခန့် သက်သာ သွားနိုင်တယ် လို့ လေ့လာမှု အရ သိရပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
လက်ဖမိုးကို သင့် မျက်နှာဘက် ထားပြီး လက်ကောက်ဝတ် အဆစ်ရဲ့ အပေါ် နေရာကို ပုံမှာ ပြထားတဲ့ အတိုင်း စက္ကန့် ၃ဝ ခန့် ဖိနှိပ်ပါ။ တခြား လက်ကောက်ဝတ် နေရာ ကိုလည်း အဲဒီအတိုင်း ဖိနှိပ်ပါ။ သားအိမ်နဲ့ သက်ဆိုင်တဲ့ နေရာ ဖြစ်ပြီး ဗိုက်အောင့်တာ၊ လေပွတာနဲ့ ဓမ္မတာ အကြို ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။


အစာမကြေလို့ ဗိုက်အောင့် နေပါ သလား?

New Jersey Memorial ဆေးရုံ မှ လေ့လာမှု အရ ဝမ်းဗိုက် နာကျင်သူ ၁ဝ ယောက် အနက် ၉ ယောက်ဟာ အပ် စိုက်ကုထုံးကြောင့် ဝေဒနာသက်သာသွား တယ်လို့ သိရပါတယ်။ တခြားလေ့လာမှု တစ်ခုအရလည်း ဝမ်းပျက်ဝမ်းလျှောသူ တွေ ၁ဝဝ ရာခိုင်နှုန်းဟာလည်း ဒီကုထုံး ကြောင့် ခြောက်နာရီ အတွင်း ဝေဒနာ သက်သာ သွားတယ်လို့ ဆိုပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
သင်ရဲ့ ဘယ်ဘက်လက်ကို သင့် မျက်နှာဘက်မှာ ထားပြီး သင့်လက်မနဲ့ လက်အရင်း အောက်က အသားစိုင် နေရာကို ပုံမှာ ပြထားတဲ့ အတိုင်း ဖိနှိပ် ပေးပါ။ ပြီးရင် သင့် လက်မကို လက်သန်းဆစ် အောက် ရောက်တဲ့ အထိ ဖိအားပေးပြီး ဆက်ဆွဲ သွားပါ။ ငါးမိနစ်ခန့် ပြုလုပ် တာကြောင့် အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။

နှာပိတ် နေပါ သလား?

လက်ချောင်း ၁ဝ ချောင်း စလုံးရဲ့ ထိပ်ပိုင်းဟာ ဦးနှောက် နဲ့ နှာခေါင်း လိုဏ်ခေါင်း (Sinus) တွေနဲ့ ဆက်စပ်မှု ရှိပြီး လက်ချောင်းထိပ် တွေကို ဖိနှိပ် ထားတာကြောင့် နှာစေး၊ နှာပိတ်တာ သက်သာ နိုင်တယ် လို့ ဆိုပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
သင့် လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး လက်ချောင်းတိုင်းရဲ့ ထိပ်ပိုင်းကို တစ်စက္ကန့်စီ ခန့် ဖိကိုင်ထားပါ။ နာကျင်မှု ဝေဒနာ ခံစားရရင် အဲဒီ နေရာကို အထူး အလေး ထားပြီး နည်းနည်း ကြာကြာလေး ဖိထားပေးပါ။ 
ကိုဇေကြီး စာဖတ်ပ၇ိသတ်များ လက်တွေ ပြုလုပ်ကြည့်ပီး ကျန်းမာပျော်ရွင်ကြပါစေ............။
ကိုဇေကြီး ဘလော့တစ်ခုမှ ကူးယူဖေါ်ပြပါသည်.. 
                                                                              ကိုဇေကြီး

Tuesday, October 30, 2012

ကိုဇေကြီး၇ဲ့ စာဖတ်ပရိသတ်များ ခင်ဗျား....။

  

 ဂေါတမမြတ်စွာဘုရား၇ှင်ကိုယ်တော်မြတ်ကြီး နတ်ပြည်၌ ဓမ္မစင်္ကြာ တရားဟောအပြီး လူပြည်သို့ ပြန်ကြွလာသည်ကိုလူအပေါင်းမှဆီမီးများဖြင့်ကြိုဆို ပူဇော်ရာမှ ယနေ သီတင်းကျွတ်လပြည့်နေဟူ၍ ဖြစ်ပေါ်လာသည် ။ယနေ ၃၀-၁၀-၂၀၁၂ အင်္ဂါနေ့သည်ကား  မြန်မာပြည်သူတို့၏ နေ့ထူးနေ့မြတ်သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါသည်။
၎င်းအပြင် ယနေ့သည် ဗုဒ္ဓဘာသာဝင်သူတော်စင် တို့၏ အဘိဓမ္မာ အခါတော်နေ့ ဖြစ်ပြီး
မိဘ ၊ ဆရာ ၊ သက်ကြီး ၊ ရွယ်အိုများအား ကန်တော့ခြင်း၊ ၀ါတွင်း ဥပုသ်ဆောက်တည်ခြင်းစသော အခါသမယ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။
မြန်မာ မိဘ ပြည်သူများအားလုံး ဥပုသ်သီလဆောက်တည်နိုင်ကြပါစေ..။
စိတ်၏ ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်း နှစ်ဖြာသောသုခနဲ့ ပြည့်စုံနိုင်ပါစေ....။
အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေ...။
ကုသိုလ်ကောင်းမှု အထူးပြုနိုင်ကြပါစေ...။
                                                      ကိုဇေကြီးမှ ဆုမွန်ကောင်းအပ်ပါသည်..............။

Sunday, October 28, 2012

၄၀ ၀န်းကျင်အမျိုးသမီးများသိကောင်းစရာ


အမျိုးသမီးတွေ ၄၀ နှစ်ဝန်းကျင် ရောက် လာတဲ့ အချိန်ကို သွေးမဆုံးခင် အစောပိုင်း အချိန်တွေလို့ ဆိုလိုပါတယ်။ ဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ သားဥတွေ ကလည်း အသက်ကြီးလာပြီး သားဥကြွေရာမှာ ကူညီပေးနေတဲ့ အီစထရိုဂျင်ဟော်မုန်း ပမာဏကလည်း စတင်ပြီး နည်းစပြုလာပါပြီ။

ဓမ္မတာ သွေးဆင်းတဲ့ ဖြစ်စဉ်ကလည်း အရင်လို ပုံမှန် မဟုတ်တော့ဘဲ ရက်စောတာ၊ နောက်ကျတာ၊ ရာသီသွေးနည်းတာ၊ များတာတွေ ကြုံတွေ့လာရ ပါတယ်။

ဒါ့အပြင် တစ်ကိုယ်လုံးပူတာ၊ အေးတာတွေလည်း ခံစားရနိုင်ပါတယ်။ ဒီလိုလက္ခဏာရပ်တွေ ဖြစ်ပေါ်နေတာကြောင့် သင်ကကိုယ်ဝန် မဆောင်နိုင်တော့ဘူး၊ ကလေးမရနိုင်တော့ဘူးလို့တော့ မယူဆလိုက်ပါနဲ့။ သင်ကလေး ရနိုင် ပါသေးတယ်လို့ Dr.Greene က ပြောပါတယ်။ သွေးမဆုံးမီ အစောဆုံး လက္ခဏာတွေ ပြနေချိန်မှာ သင့်အနေနဲ့ သားသမီးလိုချင်သေးရင် သင့်မှာ ကြိုးစားဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ သင့်အနေနဲ့ ကြိုးစားကြည့်လို့မှ မအောင်မြင်ခဲ့ရင်တော့ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ သင်ရဲ့ ဓမ္မတာလာတဲ့ ဖြစ်စဉ်တွေကို ဆရာဝန်က မေးမြန်းတဲ့အခါ တိတိကျကျ ပြောပြပါ။

သားဥဖြစ်ပေါ်အောင် အားပေးတဲ့ FSH ဟော်မုန်းပမာဏကို စစ်ဆေးပါမယ်။ အီစထရိုဂျင်ဟော်မုန်းနဲ့ ပရိုဂျက် စထရုန်းဟော်မုန်း ပမာဏတွေကို စစ်ဆေးပါမယ် (ဓမ္မတာလာပြီး နှစ်ရက်မြောက်(သို့) သုံးရက်မြောက်နေ့မှာ စစ်ရင် ပိုမိုတိကျတဲ့အဖြေကို ရနိုင်ပါတယ်။) ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လျော့နည်းတဲ့ ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပါမယ်။ သင်ရဲ့ သားဥကြွေရာနဲ့ သားမွေးလမ်း တစ်လျှောက် အလုံး၊ အကျိတ်၊ အဖုတွေရှိ၊ မရှိ စစ်ဆေးပါမယ်။ သင့်မှာ ကလေးမရနိုင်အောင် ပြောပလောက်တဲ့ အချက်ရှာမတွေ့ခဲ့ရင်တော့ သင့်အမျိုးသားရဲ့ သုက်ပိုးအရေအတွက်ကို စစ်ပါမယ်။ သင်လည်း သွေးဆုံးချိန် မရောက်သေးဘူး။ သင့်အမျိုးသားရဲ့ သုက်ကောင် အရေအတွက်ကလည်း ပုံမှန်ဖြစ်နေရင်တော့ ဆရာဝန်က သင့်ကို ကုသမှုတွေ စတင်ပါလိမ့်မယ်။ စစ်ဆေးမှုတွေရဲ့ အဖြေပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ကုသမှုခံယူရတဲ့ အပိုင်းတွေ မတူညီနိုင်ပါ။

                                                            အလင်း (ဆေးဝါး)

အိပ်မပျော်သည့် ရောဂါ (Insomnia)



အိပ်မပျော်သည့် ပြဿနာသည် အလွန်အဖြစ်များသော ပြဿနာ တစ်ခု ဖြစ်သည်။ လူကြီး ၃ ဦးလျှင် ၁ ဦးမှာ အိပ်မပျော်သည့် ပြဿနာ ကြုံတွေ့နေ ကြရသည်။

အိပ်ပျော်ရန် ခက်ခဲခြင်း သို့မဟုတ် ခဏခဏ အိပ်ရာမှ နိုးနေခြင်းကြောင့် အိပ်ရေး မဝခြင်း စသည့် ဝေဒနာများ ခံစားနေကြရသည်။

သုတေသန ဓာတ်ခွဲခန်းများတွင် လေ့လာ တွေ့ရှိချက်များအရ လူတိုင်း အတွက် တစ်နေ့လျှင် အိပ်ချိန် ၈ နာရီ လိုအပ်သည် ဆိုသည့်အချက်မှာ မှားယွင်းကြောင်း တွေ့ရှိထားသည်။

အမှန်တကယ်တွင်မူ လူတစ်ဦးတစ်ယောက်ချင်း အပေါ်မူတည်၍ အိပ်စက် အနားယူရမည့် အချိန်နာရီ ပမာဏ လွန်စွာကွဲပြား ခြားနားကြောင်း သိရှိ ရသည်။ အသက်ကြီးလာသည်နှင့်အမျှ အိပ်ချိန်လိုအပ်မှု နည်းလာသည်။

ကမ္ဘာကသိသည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာသည် တစ်နေ့လျှင် ၄ နာရီ၊ ၅ နာရီမျှသာ အိပ်စက်လေ့ရှိသည်ဟု ဆိုသည်။ ထို့အပြင် အခြားသော အောင်မြင်ထင်ရှားသည့် ပုဂ္ဂိုလ်အချို့သည်လည်း အိပ်ချိန်နည်းသူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

လေ့လာချက်များအရ အိပ်မပျော်ရောဂါ ခံစားနေရသည်ဟု ဆိုသော သူများတွင် သူတို့ ထင်ထားသည်ထက် အိပ်စက်ဖြစ်ကြသည်ကို တွေ့ရှိ ရသည်။ မည်သို့ပင် ဖြစ်စေကာမူ ၎င်းတို့မှာ သာမန်လူများထက် မကြာခဏ အိပ်ရာမှ နိုးလေ့ရှိတတ်ကြသည်။

အိပ်မပျော်ခြင်း ပြဿနာတွင် အိပ်သည့်အချိန်ကာလ နာရီ အရေအတွက် မဟုတ်ဘဲ အိပ်စက်ခြင်း အရည် အသွေးကသာလျှင် ပို၍အရေးကြီးပါသည်။

အိပ်စက်ခြင်းအကြောင်း သုတေသနပြုသူများ ယုံကြည်ထားကြသည့်မှာ အိပ်စက်ခြင်း၏ မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းမှာ Slow Wave Sleep ဟုခေါ်သော အစိတ်အပိုင်း ဖြစ်သည်။ ထိုကာလမှာ ဦးနှောက်လုံးဝ အနားယူ နေခြင်းတွင်သာ ရှိသော အချိန်ဖြစ်သည်။ ထို့အပြင် ထိုအချိန်မှာ ညအိပ်ချိန် ပထမပိုင်း တစ်ဖက်အတွင်းမှာသာ အများဆုံး ပါဝင်ပါသည်။ ထိုအချိန်သည် အရေးကြီးပြီး တကယ်အဖြစ်မှန်မှ ပျောက်ပျက် သွားလေ့ မရှိပါ။

အိပ်မပျော်နိုင်ပဲ အိပ်ရာထဲ လဲလျောင်းရင်း အားအင်ကုန်ခန်း စိမ်မောပန်း နေရတာထက် ပို၍ဆိုးတာ မရှိပါ။
                                                          ကူးယူဖေါ်ပြသည်

Tuesday, October 23, 2012

တန်ဖိုးရှိတင့်တယ်သော ဆံကေသာများထိန်းသိမ်းကြ


ကောင်းခြင်းဝေဖြာ တင့်တယ်စွာလျှင်၊ ကေသာဆံလှ ထိန်းသိမ်းကြ

ကျွန်မတို့ ငယ်စဉ်ကပင် ဦးခေါင်းထိပ်ရှိ ဆံပင်၊ ဆံထုံးအလှကို တန်ဖိုး ထားခဲ့ကြသည်။ မိန်းမတို့၏ ကောင်းခြင်း ငါးဖြာ လက္ခဏာတွင် ဆံပင်၏ ကောင်းခြင်း၊ အသား၏ကောင်းခြင်း၊ အရိုးအဆစ်၏ ကောင်းခြင်း၊ အရေ၏ ကောင်းခြင်း၊ အရွယ်၏ ကောင်းခြင်းဟု ဓမ္မပဒ၊ ပုပ္ဖဝဂ်၊ ဝိသာခါ ဝတ္ထုတွင် ဖွင့်ဆိုထားခဲ့သည်။

နန်းတော်ရှေ့ ဆရာတင် တေးပြုသော ''ရွှေမင်းဂံ'' သီချင်းတွင် ဆံကေသာနှင
့် ပတ်သက်၍ ''ပိတုန်းရောင် ကေသာ ဖြန့်လိုက်လျှင် တစ်ကိုယ်လုံး ဝေဝေဆာဆာ ကြည်ကြည် လင်လင်၊ မင်းဂံဘုတ်ရွာသူများ အသားတော် ဝင်းလို့ ဝါဝါရည်ရွှင်'' ဟု စပ်ဆိုခဲ့သည်။

လှပကြော့ရှင်းသော မိန်းမပျိုက နက်မှောင်သော ပိတုန်းရောင်ဆံ ကေသာ ပိုင်ဆိုင်ရမှုကို ဂုဏ်တင်ဝင့်ကြွား လေ့ရှိသည်။ နက်ရှိုင်းမှုရုပ်သွင် အပေါ် မာန်ကလေးချီ၍ ဟန်ကလေး ဝင့်ရသည်။ မိန်းမပျို လေးများ၏ လှ တစ်မျက်နှာ ယဉ်တကျေးကျေး ကိုယ်နေဟန်ထားတွင် ဆံကေသာ ၏ကောင်းခြင်းက အရေးပါလှသည်။



ယနေ့အချိန်တွင် ဆင်ယင်ထုံးဖွဲ့မှုများက ပြောင်းပြန် ဖြစ်ကုန်သည်။ ခေတ်ဆန်သည်ပဲ ပြောပြော ခေတ်မီသည်ပဲ ဆိုဆို...၊ မူလအနက်ရောင် ဆံပင်ကို နီရဲနေအောင် ဆေးဆိုးလာခြင်းအပေါ် မြန်မာအမျိုးသမီး တစ်ဦးအနေဖြင့် မနှစ်မြို့မိတာ အမှန်ပါ။ ''ပိတုန်းရောင်ကေသာ'' အဆိုမှ ''ပဒိုင်းရောင်ကေသာ'' အဆိုသို့ ပြောင်းပစ်ရမည့် အခြေအနေမျိုးကိုတော့ မလိုလားပါ။

ဖြောင့်စင်းနေသော ဆံပင်အလှကို ကောက်၍ တွန့်၍ လိမ်၍ မြန်မာ မလေးများဘဝမှ အာဖရိကန် မလေးများ ဘဝသို့ ငွေကုန်ကြေးကျခံပြီး အရှင်လတ်လတ် ဘဝပြောင်းကြပြန်၏။ ကျက်သရေရှိသော ပိတုန်းရောင် ကေသာ အလှကို ဂုတ်ထောက်၊ ဂုတ်ဝဲ၊ ဆံတိုမလေးများအဖြစ် ပုံစံပြောင်း လဲကြကုန်၏။ ဂုတ်ဝဲ၊ ကျောဝဲ ဆံပင်ဖားလျားချ အလှပြမှု စတိုင်ကို တီဗီကြော်ငြာများမှ အတုယူပြီး ငွေသောင်းချီကုန်ခံကာ ပုံစံပြောင်းကြ ပြန်၏။
ဆံပင်လျှော်ပြီးခါစ ဖားလျားချထားသည့် ပုံမျိုးဖြင့် စက်ဘီး၊ ဆိုင်ကယ် စီးနင်းခြင်းမှ ပေးသော ဒုက္ခဆင်းရဲကို လက်တွေ့ ကြုံဖူးသူများမှ နားလည် ကြပေမည်။ ခေါင်းလျှော်ပြီးစ ဆံပင် မခြောက်၍ ဖားလျားချ ပြီး ရပ်ထဲရွာထဲ သွားလာမှုကို ရှေးဘိုးဘွား မိဘများက အတိတ်နိမိတ် မကောင်းဟုဆိုကာ တားမြစ်ခဲ့ကြသည်။၏

မြန်မာအမျိုးသမီးများ ဆံပင်ကိုအမြတ်တနိုးဖြင့် တန်ဖိုးထားခဲ့သည် မှာ ခေတ်အလီလီ နှစ်အဆက်ဆက်ကျော်ဖြတ်ခဲ့ပါပြီ။ မျိုးရိုးဗီဇ၏ ပြယုဂ် အဖြစ်နေရာပေးခဲ့ပါသည်။

''ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး'' ဟူသည်ကို မေ့၍ မရသလို ပစ်ပယ်၍လည်းမရပါ။ မြတ်နိုးဖွယ်ရာ တန်ဖိုးထား ထိန်း သိမ်းရမည်သာဖြစ်သည်။

မိမိတို့၏ဆံပင်၊ ဆံစုများကို ဖြတ်တောက်၍ ပြတိုက်၊ ဌာပနာတိုက် များ၌ ထည့်လှူဒါန်းခြင်းသည် တန်ဖိုးရှိသော အရာ၊ မြတ်နိုးဖွယ်အရာကို စွန့်လှူ ခြင်းဖြင့် အတ္တကို ဖယ်ခွာခြင်းပင်ဖြစ်သည်။

မိန်းမတို့၏ ကောင်းခြင်း ဆံကေသာအလှကို မြတ်နိုးဂုဏ်ယူစွာ ထိန်းသိမ်း သင့်ပါကြောင်း၊ ဖုံးလွှမ်း ကြီးစိုးလာမည့် အနောက်တိုင်း ယဉ်ကျေး မှုများကို မျိုးချစ်စိတ် လူမျိုးချစ်စိတ် မဟာ အုတ်တံတိုင်းကြီးဖြင့် ကာရံ တားဆီး သင့်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ဇင်မာသင်း

ဂျင်း၏ ဆေးဖတ်ဝင်ပုံ

အိမ်ရှင်မများ မီးဖိုချောင်တွင် မရှိမဖြစ် ဟင်းခတ် အမွှေးအကြိုင် ပစ္စည်း တစ်မျိုးဖြစ်၏။ အညှီနံ့များ ပျောက်ကင်း စေရန် အထူးအသုံးပြု ကြသည်။ဥအတက်ကိုသာ များသော အားဖြင့် အစား အသောက်တွင် လည်းကောင်း၊ ဆေးဝါးများ အဖြစ် သော်လည်းကောင်း အသုံးပြု တက်ပါသည်။
 
ဆေးဖက်ဝင်အဖြစ် အသုံးပြုပါက လွန်စွာ အသုံးဝင်ပေသည်။ အော့အန်ခြင်း၊ ကြို့ထိုးခြင်းများဖြစ် ပါက ချင်းစိမ်း သတ္တုရည် ၁၂ ပဲသားခန့်ကို ကြက်သွန်နီဥ သတ္တု ရည်နှင့်ရော၍ သောက်သုံးပါက လျင်မြန်စွာ ပျောက်ကင်းစေ နိုင်ပါသည်။
အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ လည်ချောင်း နာခြင်း များအတွက် ဂျင်းပါးပါး ၇ လွှာအား ထန်းလျက် ၃ လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင် ကျိုပြီး သောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေနိုင်ပါသည်။ ရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်တက်သော တုပ်ကွေး ဖျားခြင်း၊ ချမ်းစိမ့်စိမ့် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော ရောဂါများတွင်လည်း ဂျင်းနှင့် ထန်းလျက်ကို အထက်ပါ အတိုင်း နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်သုံးခြင်း၊ ဟင်းလျာ များတွင် ယခင်ကထက် အနည်းငယ် ပိုထည့်၍ ချက်ပြုတ် စားသောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေပါသည်။ အနောက်တိုင်း သုတေသီ တချို့မှ ဂျင်းကို စားသုံးခြင်းဖြင့် virus များကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော် များများ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိထားပါသည်။

နှာစေး၊ ချောင်းဆိုး၊ ပန်းနာ ရောဂါများကို ချင်းစိမ်း သတ္တုရည်နှင့် ပျားရည် အနည်းငယ် ရောစပ်၍ မကြာမကြာ လျက်ပေးခဲ့ပါက သက်သာ ပျောက်ကင်း စေပါသည်။သွားကိုက် ရောဂါတွင် ဂျင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက် ရောဂါ ပျောက်ကင်း စေပါသည်။

နားကိုက်ရောဂါ ခံစားနေရလျှင် ချင်းစိမ်း သတ္တုရည်ကို မီးနှင့် အနည်းငယ် အပူပေး၍ နားကို ကျပ်ပေးပါက နားကိုက်ခြင်းကို သက်သာ ပျောက်ကင်း စေပါသည်။ သွားကိုက်ပါက ချင်းစိမ်း အနည်းငယ်ကို ကိုက်ဝါး၍ သွားကိုက် သော နေရာတွင် ငုံထားပါက မကြာခင် သက်သာ ပျောက်ကင်း လာပါ လိမ့်မည်။

အမျိုးသမီးများ မီးဖွားပြီး သားအိမ် မကျက်ဘဲ ဖျားနာခြင်း များအတွက် ထန်းလျက် ၂ ကျပ်သား၊ ဂျင်း ၁ ကျပ်သားအား ရေ တစ်ပိဿာတွင် တစ်ဝက်ခန့် ဖြစ်အောင် ကျိုပါ။ ပြီးလျှင် တစ်ခါသောက် ၂ အောင်စ သောက်ခြင်းဖြင့် ၎င်းရောဂါကို ပျောက်ကင်းစေ ပါသည်။ မီးယပ်သွေးနှင့် ပတ်သက်၍ ထိမ်ခြင်း၊ ကျန်ခြင်းများဖြစ်ပါက ချင်းစိမ်း အနည်းငယ်နှင့် ထန်းလျက်ကို သုံးခွက်တစ်ခွက် တင်ပြုတ်၍ သောက်ပါက သွေးသားမှန်ကန် လာပါလိမ့်မည်။

ခရီးသွားရတာဝါသနာပါသော်လည်း ကားမူး ၊ လှိုင်းမူး အောအန်နေသူများအတွက် အောအန်မှုကိုထိန်းချုပ်နိုင်တဲ့ ဦးနှောက်၇ဲ့အစိတ်အပိုင်းတွေကို
ဂျင်းတက်မှာပါတဲ့ ဓါတ်ပစ္စည်းတွေက ထိန်းချုပ်နိုင်တယ်လို့သိရပါတယ်။ဘေးထွက်ဆိုးကျိုးမရှိတဲ့အပြင်
ခံတွင်းအနံ ကိုမွှေးစေပါတယ်။စိတ်ကို၇ွှင်လန်းစေပါတယ်။ထို့အတွက် ခရီးမသွားခင် လက်သန်းဖျား
လောက်ဂျင်းတက်လေးစားသွားလျှင် မူး၍ အော့အန်ခြင်းမှကင်းဝေးမှာဖြစ်ပါတယ်

မှန်ကန်တိကျ အသုံးချက ရောဂါပျောက်ကင်း သက်သာစေသော စိတ်ချမ်း သာစရာ တိုင်းရင်း ဆေးပညာ ဖြစ်ပါသည်။


ပန်းသီးစားသုံးခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ

(က) အရိုးများကို ခိုင်မာစေပြီး အရိုးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။

(ခ) ပန်းနာရင်ကျပ် ရောဂါများကို သက်သာစေပြီး ဖြစ်ပွားမှုနှုန်းကို လျော့ကျ စေခြင်း။

(ဂ) အဆုတ်၊ ရင်သား၊ အူမကြီး၊ အသည်းတို့တွင် ဖြစ်ပွားနိုင်သော ကင်ဆာ ရောဂါကို တားဆီး ကာကွယ် ပေးခြင်း။

(ဃ) မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အသက်ကြီးရင့်ချိန် အတိတ်မေ့ခြင်းစသည့် ဇရာ ရောဂါများ ဆောလျင်စွာ ဖြစ်ပွားခြင်းမှ ကာကွယ် တားဆီးပေးခြင်း။

(င) ကိုလက်စထရောဓာတ်ကို လျော့ကျစေခြင်း။

(စ) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်းနှင့် ဖြစ်ပွားမှုကို ကြိုတင်ကာကွယ် နိုင်ခြင်း။

(ဆ) ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ ကျစ်လစ် စေခြင်း စသည့် အကျိုးကျေးဇူး များရရှိနိုင်ပါတယ်။