Monday, February 18, 2013

ကြက်ဟင်းခါး (အဖို၊ အမ)





နွယ်ပင်မျိုး ဖြစ်၏။ အပွင့်မှာ လိမ္မော်ရောင် ဖြစ်၏။

အဖိုမှာ ကြီးထွား၍ အမမှာ သေးငယ်၏။ ပဉ္စငါးပါး လုံးဆေး အဖြစ် အသုံးဝင်၏။ အရသာ ခါး၏။ စပ်ရှားရှားရှိ၏။ အေး၏။ မူလ အညစ်အကြေးကို သုတ်သင်၏။ ကြေညက် လွယ်၏။ လေအနည်းငယ် ဖြစ်၏။ ဝမ်းသက်စေ၍ ပိုးကို နိုင်၏။ သည်းခြေ သလိပ်ကို နိုင်၍ မျက်စိရောဂါ၊ ဝစ္စမဂ် နာကျင်ခြင်း၊ ယောနိ၌ ဖြစ်သော ရောဂါ၊ အဖျား ရောဂါ၊ ပိုးရောဂါ၊ သွေးဖောက်ပြန်ခြင်း ရောဂါ၊ သွေးအားနည်းခြင်း၊ ဆီးနှင့် ပတ်သက်သော ရောဂါ၊ ပန်းနာ၊ အနာပေါက်၊ လေပြွန်ပူသော ရောဂါတို့ကို ပျောက်ကင်း စေသည်။

ကျောက်တည် ရောဂါဖြစ်လျှင် ကြက်ဟင်းခါးရွက် သတ္တုရည်တွင် ဒိန်ရည် သို့မဟုတ် ဆန်ပုန်း ရည်နှင့် သုံးရက်သောက်၊ သုံးရက်နား၊ လေးရက်သောက်၊ လေးရက်နား၊ ငါးရက်သောက်၊ ငါးရက်နား၊ ခြောက်ရက်သောက်၊ ခြောက်ရက်နား၊ ခုနစ်ရက်သောက်၊ ခုနစ်ရက် နားအဖြစ် သောက်ပါက ကျောက်များ ကင်းစေ၍ ကျောက်တည် ရောဂါ ပျောက်ကင်း ပါလိမ့်မည်။ ပါးစပ်ကွဲ ရောဂါ ဖြစ်ပါက အရွက် သတ္တုရည်နှင့် မြေဖြူမှုန့် ရောလိမ်းက ပျောက်ကင်း ပါသည်။ ကိုယ်ရေဝါရောဂါဖြစ်လျှင် ကြက်ဟင်းခါးရွက် သတ္တုရည်နှင့် ဖန်ခါးသီး သတ္တုရည်တို့ ရောသောက် ပါက ပျောက်ကင်း စေပါသည်။

ယနေ့ အဖြစ်များ နေသော အဆစ်ရောင် ရောဂါ လိမ်းဆေးအဖြစ် ကြက်ဟင်းခါးနု သတ္တုရည်ကို မီးနှင့် အပူပေး၍ ခပ်နွေးနွေး လိမ်းပေးပါက သက်သာ ပျောက်ကင်းကြောင်း တွေ့ရသည်။ ဆီးချို သွေးချို ရောဂါအတွက် ကြက်ဟင်းခါးသီး အခြောက်မှုန့်ကို သောက်သုံးပါက သက်သာရာ ရရှိကြသည်။ အရွက် သတ္တုရည်ကို ကလေး သူငယ်နာ၊ အဖျားများတွင် အသုံးပြုသည်။

ရှေးအစဉ် အဆက်ကပင် ကြက်ဟင်းခါးသီးချက် ဟင်းလျာသည် မြန်မာတို့၏ ခံတွင်းတွင် ထမင်း မြိန်စေသော ဟင်းလျာ တစ်မျိုးဖြစ်ကြောင်း ရေးသား လိုက်ရ ပါသည်။

                                                                             အောင်မိုးမြင့်(နေပြည်တော်)
                                                                             myawaddy

No comments:

Post a Comment